သာမန်လူတွေ သွားရောက်လည်ပတ်ဖို့မဖြစ်နိုင်တဲ့ ကမ္ဘာ့သရဲအခြောက်ဆုံး နေရာများ

သရဲတစ္ဆေ တကယ်ရှိ မရှိ ဆိုတာကတော့ အခုချိန်ထိ အငြင်းပွားနေတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ အတိတ်ဆိုးတွေကြောင့် အခုချိန်မှာတော့ သရဲခြောက်တယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားနေခဲ့တဲ့ နေရာတွေအကြောင်း ဖြစ်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် သရဲခြောက်တယ်ဆိုတဲ့ နေရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ Raynham Hall, Norfolk, England

အင်္ဂလန်အရှေ့ပိုင်း Norfolk နိုင်ငံမှာ ရှိပြီး ရှေးမူလက်ရာမပျက်တဲ့ ကျေးလက်ဒေသက တိုက်အိမ်ကြီးပဲ ဖြစ်ပါတယ်။ တိုက်အိမ်ကြီးဟာ ခမ်းနားလှပပေမယ့်လည်း အတိတ်ဆိုးတွေရဲ့ ခြောက်လှန့်ခြင်းကတော့ အခုချိန်ထိ ရှိနေပါသေးတယ်။ ပုံမှာတွေ့မြင်ရတဲ့ အဖြူရောင်ပုံရိပ်ကတော့ ၁၉၃၆ ခုနှစ်မှာ Country Life ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ကူးတည်းဖြတ်နေတဲ့အခါမှာ တွေ့ခဲ့ရတဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။ အဆိုပါ ပုံရိပ်ထဲက အမျိုးသမီးကို Brown Lady လို့အားလုံးက ခေါ်ဝေါ်ကြပြီး သူမဟာ ဒီစံအိမ်ကြီးထဲမှာ နေထိုင်ခဲ့တဲ့ Lady Dorothy Walpole ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ ဒီစံအိမ်ကြီးကို တနှစ်ပတ်လုံး ပိတ်ရက်မရှိ လာရောက်လေ့လာနိုင်ဖို့ ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Poveglia, Venice, Italy

အီတလီနိုင်ငံမှာရှိတဲ့ ကျွန်းငယ်လေးတခုပဲ ဖြစ်ပါတယ်။ Venice ကနေလည်ပတ်မယ်ဆိုရင်လည်း ခရီးတိုလေးတခုအဖြစ် သွားရောက်လည်ပတ်လို့ရတဲ့ နေရာလေးတခုပါ။ ကျွန်းငယ်လေးလို့ ဆိုပေမယ့်လည်း သူ့ရဲ့ သမိုင်းကြောင်းကတော့ ကြောက်စရာလည်းကောင်း ဝမ်းနည်းစရာလည်းကောင်းပါတယ်။ ပလိပ်ရောဂါတွေ ဆိုးဝါးခဲ့တဲ့ အတိတ်တချိန်က ကျွန်းပေါ်မှာ ပလိပ်ရောဂါသည်တွေကို သီးခြားခွဲထားပြီး ဆေးကုသခဲ့ပါတယ်။ ဒါ့အပြင် ၂၀ရာစုအစောပိုင်းကာလတွေမှာလည်း အဆိုပါကျွန်းဟာ စိတ်ရောဂါဝေဒနာသည်တွေကို ကုသတဲ့ဆေးရုံအဖြစ် ဖွင့်လှစ်ခဲ့ပါသေးတယ်။ ဒီလိုအတိတ်ဆိုးတွေ ရှိခဲ့တဲ့ ကျွန်းငယ်လေးဟာ သရဲဖမ်းသူများကြားမှာ နာမည်ကြီးပါတယ်။ သရဲဖမ်းသူတွေရဲ့ ပြောပြချက်အရ ကျွန်းပေါ်မှာ ဖြေရှင်းလို့မရတဲ့ အဖြစ်အပျက်ဆန်းတွေရှိတယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ ကျွန်းပေါ်ကို လာရောက်လေ့လာဖို့ ခွင့်မပြုတော့ပါဘူး။ shwekhitonlinetv.com

၃။ Bhangarh Fort, India

အိန္ဒိယနိုင်ငံမှာရှိတဲ့ နာမည်ကြီးခံတပ်တခုဖြစ်ပြီး ဒေလီမြို့နဲ့ မိုင် ၂၀၀ ခန့်ဝေးတဲ့ နေရာမှာ တည်ရှိပါတယ်။ ဒေသတွင်းဒဏ္ဍာရီ စကားများအရ အဆိုပါခံတပ်ဟာ ကျိန်စာကြောင့် လူတွေရဲ့ စွန့်ပြစ်ခြင်းခံရတယ်လို့ ဆိုပါတယ်။ အချို့ပြောစကားများအရ Bhangarh ခံတပ်ကို ကျိန်စာတိုက်ခဲ့သူကတော့ မှော်ဆရာတယောက်ဖြစ်ပါတယ်တဲ့ ။ မှော်ဆရာဟာ ခံတပ်မှာ နေထိုင်တဲ့ မင်းသမီးကို ချစ်မြတ်နိုးခဲ့ပေမဲ့ မင်းသမီးက သူ့ရဲ့ အချစ်ကို လက်မခံခဲ့တာကြောင့် ခံတပ်ကို ကျိန်စာတိုက်ခဲ့တာလို့လည်း ဆိုကြပါတယ်။ နောက်ထပ်အကြောင်းအရာ တမျိုးကတော့ ဒေသခံဂုရုတယောက်က ခံတပ်ရဲ့ အရိပ်ဟာ သူ့အိမ်ပေါ်ကို ကျရောက်နေတာကြောင့် ဒေါသထွက်ပြီး ကျိန်စာတိုက်ခဲ့တယ်လို့လည်း ပါးစပ်ရာဇဝင်များအရ သိရပါတယ်။ shwekhitonlinetv.com

၄။ Ancient Ram Inn, Wotton-under-Edge, England

အနောက်နိုင်ငံရှိ ရှေးအကျဆုံးနေရာတွေထဲက တခုဖြစ်ပါတယ်။ ၁၂ ရာစုကတည်းက ရှိခဲ့တဲ့ Inn ဖြစ်ပြီး ထူးဆန်းပြီး ဖြေရှင်းလို့မရတဲ့ အဖြစ်အပျက်များ ဖြစ်ပျက်လေ့ရှိတဲ့ တည်းခိုခန်းတခုပါ။ သင်္ချိုင်းမြေနေရာပေါ်မှာ တည်ဆောက်ထားတဲ့ တည်းခိုခန်းဖြစ်တာကြောင့် သရဲအကောင် ၂၀ ထက်မနည်းရှိတယ်လို့ ဆိုကြပါတယ်။ ကလေးသရဲ နဲ့ ဘုန်းကြီးသရဲတွေပါ ပါဝင်တယ်လို့လည်း ပြောကြပါတယ်။ ဝိညာဉ်လောကနဲ့ ပက်သက်လိုသူ ခရီးသွားဧည့်သည်များအတွက်ကတော့ သေချာပေါက် ရွေးချယ်သင့်တဲ့ တည်းခိုခန်းတခုဖြစ်ပါတယ်။shwekhitonlinetv.com

၅။ Port Arthur, Australia

Port Arthur ကတော့ သြစတေးလျနိုင်ငံ တက်စ်မေးနီးယားပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ရွာငယ်လေးဖြစ်ပြီး သမိုင်းဝင်နေရာတခုလည်းဖြစ်ပါတယ်။ Port Arthur ရွာအနီးတဝိုက်ဟာ ကမ္ဘာတလွှားက သရဲတစ္ဆေလေ့လာလိုသူများကြား နာမည်ကြီးပြီး ဝိညာဉ်လောကနဲ့ ပက်သက်တဲ့ အကြောင်းအရာများစွာ ဖြစ်ပျက်နေတဲ့ နေရာတခုပါ။ shwekhitonlinetv.com

၆။ The Queen Mary, Long Beach, California

ဝိညာဉ်လောကအကြောင်း စိတ်ဝင်စားသူများအနေနဲ့ The Queen Mary ကိုတော့ မသိသူရှားမယ်ထင်ပါတယ်။ ဒီသင်္ဘောကြီးဟာ ပင်လယ်ပြင်မှာ နှစ်ပေါင်း ၃၀ ကြာမြင့်တဲ့အထိ ရွက်လွင့်ခဲ့ပြီး ယခုအချိန်မှာတော့ Long Beach ကမ်းခြေမှာ ရာသက်ပန် ကမ်းကပ်ထားတာဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ကမ်းကပ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ သင်္ဘောကြီးပေါ်မှာ လူအယောက် ၅၀ ထက်မနည်းသေဆုံးခဲ့တာကြောင့် သရဲတစ္ဆေစိတ်ဝင်စားသူတွေအတွက် ဆွဲဆောင်နေတဲ့ နေရာတခု ဖြစ်ခဲ့ပါတယ်။ နာမည်အကြီးဆုံး အဖြစ်အပျက်တွေကတော့ အခန်းထဲမှာ လမ်းလျှောက်နေတဲ့ လူတယောက်ကို တွေ့ရခြင်းနဲ့ လူတွေအိပ်နေတဲ့အချိန်မှာ ခြုံစောင်တွေကို ဆွဲချခြင်း စတဲ့အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Burg Wolfsegg, Wolfsegg, Germany

ဂျာမနီနိုင်ငံမှာတည်ရှိပြီး နှစ်ပေါင်းသက်တမ်း ၈၀၀ အထိကြာမြင့်နေပြီဖြစ်တဲ့ ရဲတိုက်ကြီးတခုပဲ ဖြစ်ပါတယ်။ ရဲတိုက်ကြီးအတွင်းမှာတော့ လာရောက်လည်ပတ်သူမှန်သမျှကို ခြောက်လှန့်နေတဲ့ အမျိုးသမီးဝိညာဉ်တခု ရှိတယ်လို့ ဆိုကြပါတယ်။ ထိုအမျိုးသမီးဟာ Klara von Helfenstein လို့ အမည်ရပြီး သဝန်တိုမှုကြောင့် ယောကျ်ားဖြစ်သူရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူဖြစ်တယ်လို့ ယုံတမ်းပုံပြင်တခုအဖြစ် ပြောဆိုကြပါတယ်။ ရဲတိုက်ကြီးကို နှစ်တနှစ်ရဲ့ မေလကနေစတင်ပြီး အောက်တိုဘာလလည်အထိ ဖွင့်လှစ်ထားပြီး စနေ ၊ တနင်္ဂနွေနဲ့ အခြားသောပိတ်ရက်များမှာ သွားရောက်လေ့လာနိုင်ပါတယ်။ shwekhitonlinetv.com

၈။ Château de Brissac, Brissac-Quincé, France

ဒီလိုကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံကြီးဟာ တချိန်က ဘုရင် Charles VII ရဲ့ သမီးဖြစ်သူ Charlotte အသတ်ခံခဲ့ရတဲ့ နေရာပဲ ဖြစ်ပါတယ်။ ကံဆိုးလှတဲ့ Charlotte ဟာ သူမခင်ပွန်းရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဒီအဆောက်အအုံကြီးမှာပဲ တစ္ဆေအဖြစ် မကျွတ်မလွတ်ပဲ ရှိနေတယ်လို့ ကောလဟာလများထွက်ရှိခဲ့ပါတယ်။ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျောလွင့်နေတဲ့ သူမရဲ့ ဝိညာဉ်ကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေက တွေ့ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ရှေးဟောင်းဗိသုကာလေ့လာလိုသူများအတွက် သွားရောက်လည်ပတ်သင့်တဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Fairmont Banff Springs, Banff, Canada

၁၈၈၈ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ဒီအဆောက်အဦကြီးမှာတော့ ဖြေရှင်းလို့မရတဲ့ ဝိညာဉ်လောကဆိုင်ရာ အဖြစ်အပျက်တွေ ရှိလို့နေပါတယ်။ အမျိုးသမီးတဦးဟာ သူမရဲ့ မင်္ဂလာပွဲနေ့မှာ လှေကားပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ သတို့သမီးဝိညာဉ်ဟာ အခုချိန်ထိ ခန်းမကြီးထဲမှာ သွားလာလှုပ်ရှားနေတာကို လာရောက်လည်ပတ်သူများက တွေ့ရှိခဲ့ဖူးပါတယ်။ ယနေ့ခေတ်မှာတော့ ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး နာမ်လောကဆိုင်ရာ လေ့လာလိုသူများအတွက် သွားရောက်လေ့လာသင့်တဲ့ နေရာတခုဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ The Old Vicarage, Borgvattnet, Sweden

Borgvattnet ဆိုတာကတော့ ဆွီဒင်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ရွာငယ်လေးတခုဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံမှာ သရဲအခြောက်ဆုံးအိမ်တွေရှိတဲ့ ရွာလေးလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ The Old Vicarage ဆိုတဲ့ နေရာမှာဆိုရင်တော့ မမြင်ရတဲ့ အရာတခုရဲ့ စောင့်ကြည့်ခြင်း ခံရတာ ၊ ဖြေရှင်းလို့မရတဲ့ အသံတွေ နဲ့ အရာဝတ္ထုတွေ ရွေ့လျားတာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ရံဖန်ရံခါမှာဆိုရင် မီးခိုးရောင်ပုံသဏ္ဍာန်ရှိတဲ့ အမျိုးသမီးတယောက်ကိုတောင် မြင်ရနိုင်ပါတယ်။ ယနေ့ခေတ်မှာတော့ The Old Vicarage ကို တည်းခိုခန်းနဲ့ စားသောက်ဆိုင်အဖြစ် ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။